ဂန့်ဂေါ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာကြည့်တိုက်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ရာ ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
စာကြည့်တိုက်ပညာသင်တန်းကို စက်တင်ဘာ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းပြီးစီးအောင်တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးတို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စာကြည့်တိုက်မှူးများ၊ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း