မြင်းခြံမြို့ အလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲများ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားများနှင့်ပတ်သက်၍ “ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားဖြစ်သွားပါက ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတန်မီကျောင်းမှ မဖြစ်မနေထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်ရန် လိုအပ်ခြင်း၊ ကလေးအလုပ်သမားများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူရေးအတူလုပ်ဆောင်နိုင် ရေး စသည်ဖြင့် ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)