အိမ်မဲ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံကိန်းဆောင်ရွက်သည့် လုပ်ငန်းများအား မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို မြောင်းမြခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက ပါရမီဒေါင့်ကျေးရွာအုပ်စု၊ ပါရမီဒေါင့်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ဆောင်ရွက်သော (လမ်းအရှည် ၄၂၈ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မ)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကညင်ကွင်းကျေးရွာအုပ်စု၊ ဝါးရုံစုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ဆောင်ရွက်သော (လမ်းအရှည် ၆၂၀ ပေ၊ အကျယ် ၆ပေ၊ ထု ၆ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ နှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)