အိမ်မဲမြို့နယ်တွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများရရှိစေရန် EM ဘိုကာရှီ သဘာဝမြေသြဇာ (​ဗေဒါ၊မြေဆွေး)များ ဆက်လက်ဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် အလေ့အထ ကောင်းများရရှိစေရန် EM ဘိုကာရှီသဘာဝမြေသြဇာ (​ဗေဒါ၊မြေဆွေး)များ ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ ဝန်ထမ်းများက မဲဇလီစာဖြူစုကျေးရွာ၊ သာကွင်းကျေးရွာ၊  ကွင်းယားတံခွန်တိုင် ကျေးရွာတို့တွင် EM ဘိုကာရှီသဘာဝမြေသြဇာ (ဗေဒါ၊မြေဆွေး)များကို ပြလုပ်ခဲ့ကြကြောင်း သိရသည်။

“ဘိုကာရှီသဘာဝမြေဆွေးဆိုတာ လယ်ယာစွန့်ပြစ်ပစ္စည်းများနဲ့ လယ်ယာသုံးတိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကို EM၊ တင်လဲရည်၊ နွားချေး၊ ဖွဲနုများနဲ့ အဏုဇီဝသက်ရှိများကို မွေးမြူပြီး လယ်ယာမြေများ မှာထည့်သွင်းရမှာဖြစ်ပါတယ်။ မြေဆွေး (၁) ပုံ ပြုလုပ်တော့မယ်ဆိုရင် အလျား ၆ပေ အနံ ၄ ပေ၊ အမြင့် ၃ ပေနဲ့ ၆ လွှာပြုလုပ်ရပါမယ်။ ၁ လွှာလျှင် ၆ လက်မခန့် ပါဝင်ပစ္စည်းများကို ထည့်သွင်းပြီး ပလပ်စတစ်နဲ့ လုံအောင်ဖုံးပေးရပါမယ်။ ၄ ရက်ခန့်ကြာရင် ပူလာပါလိမ့်မယ်။ အထက်အောက်လှန်လှောပေးရပါမယ်။ နွေရာသီခြောက်သွေ့ရင်တော့ ရေဖျန်း ပေးရပါမယ်။ ၄ ရက်မှ ၁၀ ရက်ခန့်ကြာရင် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ ဗေဒါမြေဆွေး များကို သီးနှံများစိုက်ပျိုးရန်မြေပြင်တဲ့အချိန်မှာ ၁ ဧက လျှင်  ၈ ပုံမှ အပုံ ၂၀၊ တန်အနေနဲ့ ၂ တန်မှ ၅ တန်အထိ ထည့်ပေးနိုင်ပါတယ်။ ဒါကိုထည့်သွင်းအသုံးပြုမယ်ဆိုရင် လယ်ယာ မြေတွေမှာ အဏုဇီဝသက်ရှိများမွေးမြူပေးတဲ့အတွက် မြေကြီးပျက်စီးမှုကို ပြုပြင်နိုင်ပြီး သီးနှံအထွက်နှုန်းကို သိသာစွာတိုးလာမှာဖြစ်ပါတယ်”လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစိုးမြင့်အောင် ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်