စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးစီမံကိန်းများမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူများအား ဆုများပေးအပ်ပွဲကျင်းပ    

မုံရွာ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများမှ လုပ်ငန်း ထူထောင်လိုသည့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့် ထူးချွန်ဆုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသာစုဝင်ငွေတိုးရေးစီမံကိန်းများသည် မြို့ပြနှင့် ကျေးလက်နေ လူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက် ပေးနိုင်မည့်စီမံကိန်းဖြစ်ပါကြောင်း၊ ထုတ်လုပ်ခဲ့သည့် ထုတ်ကုန်ပစ္စည်းများအား မိမိတို့ဒေသ အတွင်း သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့ရပ်ရွာအတွင်းသာမက ဘေးပတ်ဝန်းကျင်ရှိ ဒေသများသို့ ဖြန့်ဖြူးရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ မိသားစုဝင်ငွေတိုးပွားလာပြီး သားသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေးအထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သောမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆု ရရှိခဲ့ကြသည့် ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ထူးချွန်သင်တန်းသူများအား ပေးအပ်ချီးမြှင့်မည့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ခြေနင်းအပ်ချုပ်စက်များ၊ ဆပ်ပြာရည်ဖျော်စက်များ၊ ဆက်စပ်ပစ္စည်းများနှင့် သင်တန်းသူများကိုယ်တိုငချုပ်လုပ်ပြုလုပ်ထားသည့် အဝတ်အထည်များ၊ လူသုံးကုန်ဆပ်ပြာရည် အမျိုးမျိုးတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေး (၈/၂၀၂၅) သို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့်အညီ တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာအောင် ဖိတ်ခေါ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဖိတ်ခေါ် ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖြစ်စေရန်နှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရန် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် နှစ်ဘီး/သုံးဘီးဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် “မဟာနီလာ” ကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခွင့်ပြုပါရန်နှင့် Brand ထပ်တိုး တပ်ဆင်ထုတ်လုပ်ရောင်းချခွင့်ပြုပါရန် တင်ပြလာခြင်း၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် မိုးတစ်စူပါရက်(ဒ်) ကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ၏ မြေဧရိယာ လျော့ချပြင်ဆင်ခွင့်ပြပါရန် တင်ပြလာခြင်းကိစ္စများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)