ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ငါးသိုင်းချောင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က စာပေချစ်သူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)၊အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်း၏ ဇာစ်မြစ်များစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်သူများအသင်း(Book Club)နာယက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်ညွန့်က လူငယ်နဲ့ စိတ်ကြီးဝင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများအသင်း( Book Club) အဖွဲ့ဝင် ဦးမြင့်ဆွေက လူငယ်နှင့်ကိုယ်ချင်းစာစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း ၊လူငယ်အသင်း(Youth Club) အဖွဲ့ဝင် မောင်ကျော်ကိုကိုက လူငယ်နှင့်တည်ဆောက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)