ရွှေဘို စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အတတ်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ အသေးစားစက်မှုလုပ်ငန်းဦးစီဌာန ခရိုင်ဦးစီးမှူး ဦးလင်းထက်အောင်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခင်စန်းနွယ်တို့က သင်ထောက်ကူအခြေခံပစ္စည်းများကိုပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှအောက်တိုဘာလ ၁၄ ရက်နေ့ထိ စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ ကလေးဝတ်ဂါဝန်၊ အမျိုးသားဝတ်သင်္ဘောသားအင်္ကျီနှင့် ကလေးဝတ်ဘောင်ဘီများစသည်ဖြင့် ဘာသာရပ်(၁၆)မျိုးကို စာတွေ့/လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)