ချောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၂)ကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်က လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက "ဘာကြောင့် စာဖတ်ဖို့လိုတာလဲ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသုံးရန်မသင့်သော အစားအစားများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် အ.ထ.က(၂)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးကြူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးလက်ကမ်းစာစောင်နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)