ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဒေးဒရဲ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က  ဒေသတွင်းရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် ယခုမတည်ထောက်ပံ့ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးခြင်းနှင့် အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ဆက်လက်ကြီးကြပ်ခြင်း၊ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံ့စီပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ငန်းရှင်အစုအဖွဲ့ (၄)စုအား ငွေကျပ် (၁၀၈၀)သိန်း၊ မွေးမြူရေးကဏ္ဍအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၄)စုအား ငွေကျပ် (၈၂၀)သိန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင် အစုအဖွဲ့ (၂)စုအား ငွေကျပ် (၆၀၀)သိန်း၊ စုစုပေါင်း ငွေကျပ် (၂၅၀၀)သိန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း