ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲအချိန်ကဖျာပုံမြို့ အ.ထ.က(၃) ကျောင်းမြမဥ္ဇူခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Video Clip အားပြသပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာ၏ အဓိပ္ပါယ်၊ ခရမ်းလွန်ရောင်ခြည်လှိုင်းအမျိုးစားများ၊ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန်နည်းလမ်းများနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော "အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး" ဟူသောဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေး ဟောပြောသည်။

ထိုနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်အဆင့် ကျင်းပပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျေင်းသူများအား ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်ထွန်း၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးထွန်းလွင်တို့က ဆုများအသီးသီးပေးအပ်ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ် ဥမ္မာလှိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆရာများလက်စွဲ စာအုပ်များပေးအပ်ရာ အ.ထ.က (၃)ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)