ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၂)ပုသိမ်မှ ကျောင်းသား၊ ကျောင်းသူများက ‘ပညာရည်ချွန်ဆုနှင်းသဘင်’ သီချင်းဖြင့် သီဆိုဖျော်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် အမက(၉)ယိုးဒယားကုန်းမှ ကျောင်းသား၊ ကျောင်းသူများက `မဟာ´ တေးသရုပ်ဖော်အကဖြင့်လည်းကောင်း၊ အ.ထ.က(၆)မှ ကျောင်းသား၊ ကျောင်းသူများက ‘ဘက်စုံပညာကိုရည်တို့လှမ်းချီ’ သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)