ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်န်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)ပုသိမ်ကြိုးတံတားအနီး၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ဖုန်းလိုင်းကြိုးများ၊ WiFi ကြိုးများ စနစ်တကျသွယ်တန်းထားရှိရေး၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်စေရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ် သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံ၊ အမျိုးသားသွေးလှူဘဏ်ခွဲ၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင် ရဲတပ်ဖွဲ့ဝင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား(၆၁)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့်ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေတ္တာဖြင့်ပေးပို့သည့် စားသောက်ဖွယ်ရာများအား ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနစသည့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများအား ပို့ဆောင်မည့်ကားများပေါ်သို့ စနစ်တကျတင်ဆောင်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။ ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေတ္တာဖြင့်ပေးပို့ရာတွင် ငါးနီတူခြောက်ကြော်(၅၇၉၀)ထုပ်၊ ငါးပိကြော်(၆၀၅၅)ထုပ်၊ ငံပြာရည်ကြော်(၇၀၅)ထုပ် ပေးပို့ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)