မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

မိုးညို စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏နေအိမ်၌ ယမန်နေ့မွန်းလွဲပိုင်းက မဲဆန္ဒရှင်များအား မြန်မာအီလက် ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လာရောက်ပြသပေးသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ သေချာစွာ လေ့လာမှတ်သားကြရန်နှင့် သိရှိလိုသည်များကိုမေးမြန်းနိုင်ကြောင်း ပြောကြားသည်။ ထို့နောက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ယုယုနိုင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ မဲပေးစက်၊ ပုံနှိပ်ဖော်ပြစက်နှင့် ထိန်းချုပ်စက်(၃)မျိုးပါဝင်ကြောင်းနှင့် အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ အဆိုပါ စက်များအား အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊  ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုမင်း