မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး (၃၇) ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး  စက်တင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်းမောင်မယ်များ တက်ရောက်ခဲ့ကြ သည်။

ဦးစွာ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ကျောင်းသား၊ ကျောင်းသူလေးများက ထာဝရသစ္စာ တေးသီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင်  လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းဟာ (၁၉၈၀)ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းအပါအဝင်(၂၀၂၅)ခုနှစ်အထိ စုစုပေါင်း (၂၇၁၉)ဦးမွေးထုတ်ပြီးခဲ့ကြောင်းလည်း သိရပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းဟာ ယခင်ကတစ်နှစ်သင်တန်းဖြစ်ပြီး၊ ယခုနှစ် (၃၆)ကြိမ်မြောက် သင်တန်းမှစ၍ (၉)လ သင်တန်းအဖြစ် ပြောင်းလဲခဲ့တာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ သင်ရိုးညွှန်းတမ်းကိုပြန်လည်ဆန်းစစ်ပြီး ယခင်က ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁)နှင့် အမျိုးသမီးကျန်းမာရေးဆရာမသင်တန်းများမှာ သင်ယူခဲ့ပြီးထပ်နေတဲ့ သင်ရိုးညွှန်းတမ်းအချို့ကို ဖယ်ထုတ်ခဲ့ခြင်းဖြစ်ကာ၊ အရည်အသွေး မထိခိုက်စေရန် စနစ်တကျ အဆင့်ဆင့်ရေးဆွဲခဲ့တာလို့ သိရကြောင်း၊ သင်တန်းကာလ (၃)လ လျော့နည်းသွားပေမယ့် ဒီလို ပိုရလာတဲ့အချိန်အတွင်းမှာ ပြည်သူ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာမို့ အလွန်ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်တယ်လို့ ယူဆပါကြာင်း၊ သင်တန်းတာကာလအတွင်း Module (၃)ခုဖြင့် စာတွေ့/လက်တွေ့သင်ကြားခဲ့ရပြီး Clinical နှင့်ပတ်သက်၍ ဆေးရုံကြီးများတွင် သွားရောက်လေ့လာ ဆည်းပူးကာ Clinical Posting စာမေးပွဲများကိုလည်း အဆိုပါ ဆေးရုံကြီးများတွင် ဖြေဆိုခဲ့ရ သည်ကို သတိပြုမိကြောင်း၊ ဒီကနေပြန်သွားလို့ ကိုယ်တာဝန်ကျရာ နယ်ပယ် အသီးသီးမှာ ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးပညာပေးခြင်း၊ ရောဂါကာကွယ် တားဆီးခြင်း တို့ကို ထိထိရောက်ရောက် အကောင်ထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပြီး၊ အခြားကျန်းမာရေး ဝန်ထမ်းတွေနဲ့လည်း လက်တွဲပြီး အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်လူဦးရေ၏ (၇၀)ရာခိုင်နှုန်းဖြစ်တဲ့ ကျေးလက်နေ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို အထူးတာဝန်ယူရမှာဖြစ်လို့ တာဝန်တကယ် ကြီးမားလှသလို တာဝန်ကျေပွန် သလောက် တကယ်လည်းရင်ထဲမှာ ဝမ်းမြောက်ဂုဏ်ယူစရာ ကောင်းမှာဖြစ်ပါကြောင်း၊ ဒါ့အပြင် ကိုယ့်ဘဝတက်လမ်းအနေနဲ့ ကျန်းမာရေးမဟာသိပ္ပံဘွဲ့အထိ ဆက်လက် တက်ရောက်နိုင်ရန် လမ်းတွေ ပွင့်နေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်ဒေသနေ ပြည်သူများရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးကာ၊ မိမိဘဝ တက်လမ်းကိုလည်း မျက်ခြေ မပြတ်အောင် ကြိုးစားကြပါလို့ မှာကြားလိုပါကြောင်း၊ ပြည်သူလူထု ကျန်းမာရေး ကောင်းမွန်အောင် စောင့်ရှောက်ပေးခြင်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် အဓိက ကူညီဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပြီး၊ နိုင်ငံတော်အစိုးရကလည်း ပြည်သူလူထု ကျန်းမာရေး အတွက် အမြဲအလေးပေး ဆောင်ရွက်လျက်ရှိသလို၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပြည်သူလူထု ကျန်းမာရေးဆိုင်ရာကိစ္စများကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး၊ လိုအပ်သော ကူညီပံ့ပိုးမှုများ ပေးလျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်း ဆင်းအောင်လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ်တစ်ဦးအား ပေးအပ်ကာ၊ ကွင်းဆင်း လေ့ကျင့်ရေး ထူးချွန်ဆုရအဖွဲ့အား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က  ဆုများ ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက “တောင်ယာဝင်ချိန်” ၊“ရိုးရိုးလေး”နှင့် “အလှကမ္ဘာမြေ” တေးသရုပ်ဖော်သီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းထူးချွန်ဆုရရှိသူများနှင့် အကအလှ ဖျော်ဖြေရေး အဖွဲ့များကို ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ