ကဝ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်(၁၀)နာရီက အ.ထ.က (မကျက်ကြီး) ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (မကျက်ကြီး)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသူက မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ရေစိုဝတ်ဖြင့် မီးငြိမ်းသတ်ပုံ၊ ဂတ်(စ်)မီးငြိမ်းသတ်ပုံ၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပုံတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)