ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်အဝေး လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၁၂

ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်အဝေးကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မူလတန်းကြိုကျောင်းခန်းမဆောင်၌ ကျင်းပရာ ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်အနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ကြီး ပုဂ္ဂိုလ်များအတွက် ချန်လှပ်မထားဘဲ သက်ကြီးရွယ်အိုများ၏ ဘဝမြှင့်တင်ရန် လိုအပ်သော ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုများပေးနိုင်ရန်နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများကို ရရှိနိုင်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုဟူသောစကားရပ်သည် အသက်ကြီးခြင်းနှင့် အရွယ်အိုခြင်းဟူ၍ (၂)ပိုင်းရှိရာ ဆေးသိပ္ပံအလိုအရ အသက်(၆၀)နှစ်အထက်ရှိသူကို သက်ကြီးရွယ်အိုဟုသတ်မှတ်ပြီး ဘောဂဗေဒပညာရှင်များကတော့ ဉာဏ်အား၊ ခွန်အားပေးနိုင်စွမ်းမရှိတော့သည့် အသက်ရသူမျိုးကို သက်ကြီးရွယ်အိုလို့ သတ်မှတ်ကြကြောင်း၊ ကယားပြည်နယ်အနေဖြင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့၏ဘိုးဘွားမိဘများကို စိတ်ထောင်းကိုယ်ကြေ အိုဇာတာကံခေသူများ မဖြစ်စေဘဲ စိတ်ပျိုကိုယ်နုဇာတာကို အန်တုနိုင်သူများဖြစ်စေရန် အတတ်နိုင်ဆုံး အားပေးမြှင့်တင် ဖြည့်ဆည်းရေးမှာ မိမိတို့သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီစောင့်ရှောက်ပေးကြရန်” စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)