ကော့သောင်း စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းလွန်ကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့များ၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အကြီးဆင့်ကလေးများမှ တစ်ဦးချင်းကဗျာရွတ်ဆိုပြိုင်ခြင်း၊ အငယ်ဆင့်ကလေးများမှ တစ်ဦးချင်းကဗျာရွတ်ဆိုပြိုင်ခြင်း၊ အကြီးဆင့်ကလေးများမှ တစ်ဦးချင်း ပုံပြင်ပြောပြိုင်ခြင်း၊ အငယ်ဆင့် A,B,C ရွတ်ဆိုပြိုင်ခြင်းနှင့်စုပေါင်းကဗျာရွတ်ဆိုပြိုင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကလေးငယ်များမှ ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် အဆိုပါပြိုင်ပွဲအသီးသီးမှ ဆုရကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)