ထားဝယ် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ် မြို့တော်ခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း တိုင်းရင်းသားများသည် ရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းက ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများနှင့်ရပ်တည်နေ ထိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ယဉ်ကျေးမှုများကိုနိုင်ငံသားတိုင်းနှင့်တိုင်းရင်းသားတိုင်းက နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်ဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဘယ်လောက်ပင် ပြည့်စုံပေါကြွယ်ဝပါစေ မိမိတို့ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းမထားနိုင်ပါက ယဉ်ကျေးမှုနှင့်အတူ လူမျိုးပါပျောက်ကွယ်သွားနိုင်ကြောင်း၊ ဒါကြောင့် မိမိတို့ ရိုးရာယဉ်ကျေးမှုများကို နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ရွှေတံဆိပ်(၆) ခု၊ငွေတံဆိပ်(၄) ခု၊ ကြေးတံဆိပ်(၁၀)ခု နှစ်သိမ့်ဆု (၃)ခုဂုဏ်ပြုဆုတစ်ခု ရရှိခဲ့ကြောင်း၊ ယခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာလည်း တနင်္သာရီ တိုင်းဒေသကြီး၏ဂုဏ်ဆောင် အနုပညာရှင်မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက်အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်မည့် ကဗျာလွတ်အက၊ ထားဝယ်တိုင်းရင်းသား ရိုးရာယန်းအက၊ထားဝယ် တိုင်းရင်းသား ရိုးရာရေအိုးရွက်အကများနှင့်(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲကိုဂုဏ်ပြုသောအားဖြင့်ဖျော်ဖြေရေးအဖွဲ့များက သီဆိုကပြဖျော်ဖြေ တင်ဆက်နေမှုကို ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်မိဘများနှင့်ဝါသနာ ရှင်များ က ကြည့်ရှုအားပေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၅ခုနှစ်၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက် (၁၀-၁၅)နှစ်၊(၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင် အဆင့်တို့တွင် ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို စက်တင်ဘာ ၁၃ ရက်တွင်ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)