ဟင်္သာတတက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

ဟင်္သာတ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မ သုံးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုပုံ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းနှင့် ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးနှင့် နည်းပြများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့စမ်းသပ်မဲပေးခြင်းအား သရုပ်ပြရှင်းလင်းခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး၊ ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေး၊ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များဖြစ်သော ဒေါက်တာ ချိုကြည်သန်း၊ ဒေါက်တာ မိုးမင်းစိုးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)