ပခုက္ကူမြို့၌ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဝန်ထမ်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၌ စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသောကုန်ပစ္စည်းများဖြစ်ရေး၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံ မှန်ကန်စွာဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းခြင်းများ ရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ စားသုံးပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)