ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပဖွင့်လှစ်သည့် အခြေခံဝါးလက်မှုထည်သင်တန်းဖွင့်လှစ်

ငါးသိုင်းချောင်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပဖွင့်လှစ်သည့် လက်မှုရွာစီမံကိန်းလုပ်ငန်းဖြစ်သည့် အခြေခံဝါးလက်မှုထည်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲတွင် မအူကုန်ကျေးရွာအုပ်စု စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးကြည်က အဖွင့်အမှာစကားပြောကြားရာ၌ လက်မှုပညာရပ်များကို တစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် လုပ်ကိုင်နိုင်ရန်နှင့် မြန်မာ့ရိုးရာ လက်မှုထည်များကို အားပေးမြှင့်တင်ရန် ပြည်တွင်း ပြည်ပစျေးကွက်ရရှိနိုင်ပြီး လက်မှုပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်၊ မျိုးဆက်သစ်လူငယ်များအကြား ဝါးလက်မှုပညာရပ်များ မတိမ်ကောရအောင်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်လင်းက သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၉) ရက်နေ့မှ (၂၈) ရက်နေ့အထိ စုစုပေါင်း (၂၀) ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းတွင် ဝါးလက်မှုပညာရှင်များက သင်ကြားပေးမည်ဖြစ်ပြီး ဝါးဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုးဖြစ်သည့် စားပွဲတင်နာရီ၊ တစ်ရှူးဘောက်၊ ဖုန်းတင်စင် ပန်းအိုး စသည်တို့ကို လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို သင်ကြားပေးမည်ဖြစ်ပြီး လုပ်ငန်းထူထောင်လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းသုံးစက်ပစ္စည်းများကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)