လွိုင်ကော် စက်တင်ဘာ ၉
ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများ နေထိုင်လျက်ရှိသည့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ဧပြီ၊ မေ၊ ဇွန် ၃ လစာအတွက် တတိယအကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ဆက်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းမှုချုပ်ငြိမ်းရေးလုပ်ငန်းစဉ်များတွင် တာဝန်ရှိသူများနှင့်အတူ ပြည်သူများအားလုံးက လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နမ့်ဘော်ဝမ်(ခ)နှင့် လောဓမ္မရပ်ကွက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူကြသည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များနှင့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများ၏ ကိုယ်စားလှယ်များသို့ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာ သူများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ပြည်သူများက အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် အချက်များအား တင်ပြကြရာ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယခု အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တတိယအကြိမ်အဖြစ် ဌာနဆိုင်ရာ ၇၆ ခုမှ ဝန်ထမ်း ၂၄၇၄ ဦးနှင့် မိသားစုဝင် ၃၅၉၂ ဦး၊ ပြည်သူ ၈၀၀၃ ဦး စုစုပေါင်း ၁၄၀၆၉ ဦးတို့အတွက် ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် ထောက်ပံ့ငွေကျပ် ၈၈၄.၁၄၀ သန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)