ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားတက်ရောက်

စစ်တွေ   စက်တင်ဘာ ၈

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒေါက်တာ ကျော်ကိုလတ်က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ပေါ် ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများက ဝန်ထမ်းများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုကို လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးရန် ရောက်ရှိလာကြသော ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကျင်းပသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းခွဲ၍ တစ်ရက်လျှင် လူဦးရေ ၈၀၀ တို့ကို မဲပေးစက်အကြောင်း ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်း သပ်မဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင်လည်း ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)အကြောင်း ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ယနေ့နံနက် ပိုင်းက သက်ဆိုင်ရာ မြို့နယ်ခန်းမများ၌ ဆောင်ရွက်ကြသည်။ ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးစက်ဆိုင်ရာရှင်းလင်း သရုပ်ပြခြင်းကို ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမတွင်ပြုလုပ်ရာဌာနဆိုင်ရာဝန်ထမ်း ၄၀၀ တို့ကို ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဌေးအောင်နိုင်က မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။

ထို့ပြင် မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် စမ်းသပ်မဲပေးသရုပ်ပြခြင်းကို မာန်အောင်မြို့နယ်ခန်းမ၌ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြရာ ဌာနဆိုင်ရာဝန်ထမ်း ၃၀၀ တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့အတူ  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်တွေမြို့ ခေါင်းလောင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒမဟာထေရ်မြတ်၏ သက်တော် (၉၀) ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတွင် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသော ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး