ဥတ္တရသီရိ စက်တင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာ ကွင်းအမှတ်(၁၈၈၅) တောင်သူ ဦးအောင်နိုင်၏ ပေါ်ဆန်းစပါးမျိုး မိုးစပါးစိုက်ခင်းတွင် သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို (၁:၃) စနစ်တကျရောစပ်၍ ပက်ဖျန်းမှု ကွင်းသရုပ်ပြပွဲကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းကကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ထို့နောက် မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်းအခမ်းအနားကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက တောင်သူများအနေဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ လယ်ယာမြေများကို တန်ဖိုးထားလုပ်ကိုင်ဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ဆည်ရေများ အကျိုးရှိရှိသုံးစွဲရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)