စစ်တွေ စက်တင်ဘာ ၇
စစ်တွေမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစုရပ်(၅၄)ခုတွင်နေထိုင်လျက်ရှိသော အိမ်ထောင်စု(၂၁၀၂)စု၊ လူဦးရေ(၇၀၃၉)ဦးတို့အတွက် ရိက္ခာဆန်များထောက်ပံ့ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယာယီခိုလှုံရာစုရပ်(၅၄)ခုတွင်နေထိုင်ကြသည့်ပြည်သူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစေတီဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြပြီး နဝကမ္မအလှူငွေများလှူဒါန်း၍ ဆရာတော်ထံမှဩဝါဒခံယူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်၌ကျင်းပသော ယာယီခိုလှုံရာစုရပ်(၅၄)ခုတွင်နေထိုင်လျက်ရှိသော အိမ် ထောင်စု(၂၁၀၂)စု၊ လူဦးရေ(၇၀၃၉) ဦးတို့ အတွက် ရိက္ခာဆန်များ ထောက်ပံ့ပေးခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်းဒေသခံပြည်သူများသည် ၂၀၂၃ ခုနှစ်မှစ၍ မိမိတို့၏ဒေသများကိုယာယီစွန့်ခွာပြီး ယာယီခိုလှုံရာစခန်းများတွင်နေထိုင်ခဲ့ကြရကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းသည် ဒေသတည်ငြိမ်အေးချမ်းမှုအားနည်း၍ တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည်အရေးကြီးကြောင်း၊ တည်ငြိမ်အေးချမ်းမှတရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရလမ်းညွှန်မှုဖြင့်နေရပ်ဒေသကိုစွန့်ခွာပြီး ယာယီခိုလှုံနေထိုင်ကြသော ပြည်သူများအတွက် လိုအပ်သည်များကိုကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ အလားတူနိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင်(၁)လ ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့်ပြည်သူများအတွက် လိုအပ်သည်များကိုကူညီထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင်လည်း ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများအတွက် တစ်လစာအဖြစ် ဆန်(၁၉ ပြည် ဆန့်) ဆန်အိတ် (၂၇၇၈)အိတ်ကိုလာရောက်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရန်အတွက်လုံခြုံရေးတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝလုံခြုံမှုရှိစေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြစဉ်ကာလအတွင်းတွင်လည်း ဆရာတော်ကြီးများ၏ မေတ္တာကိုအလေးထားကာ သန့်ရှင်းရေးကအစလုပ်ဆောင်ပေးကြရန်၊ စနစ်တကျစည်းစည်းလုံးလုံးနေထိုင်ကြရန် စခန်းတာဝန်ခံများ၏စကားကိုနားထောင်ပြီး လိုက်နာကြရန်နှင့် တစ်ချိန်တွင် မိမိတို့ရပ်ရွာဒေသများကိုပြန်လည်ရောက်ရှိကာ ရပ်ရွာအကျိုး၊ ဒေသအကျိုးကို လုပ်ဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့က ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကြရာ ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)