ရခိုင်ပြည်နယ် ဝန်ကြီးချုပ် မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု ကြည့်ရှုအားပေး

စစ်တွေ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး၌ မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုကို ကြည့်ရှုအားပေးပြီး စခန်းတာဝန်ခံများနှင့်တွေ့ဆုံကာ ခေါင်းဒုက္ကာ (၂) IDP စခန်း ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ပြည်သူများအား ပြန်လည်နေရာချထား ပေးမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးသို့ သွားရောက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံးအစည်းအဝေးခန်းမတွင် IDP စခန်းများမှ စခန်းတာဝန်ခံများနှင့်တွေ့ဆုံကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စခန်းတာဝန်ခံများအနေဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေး၊ စခန်းများမီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆေင်ရွက်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စခန်းတာဝန်ခံများအနေဖြင့် စခန်းတွင်နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်ရောက်နိုင်ရေး၊ ပညာသင်ယူနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ ကျန်းမာရေးကိုလည်း အထူးဂရုပြု နေထိုင်နိုင်ရေး စည်းရုံးဟောပြောသွားရမည်ဖြစ်ကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဆရာဝန်၊ သူနာပြုများကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စခန်းတာဝန်ခံများက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စားသောက်ဖွယ်ရာများကို ပေးအပ်ကြရာ စခန်းတာဝန်ခံများက လက်ခံယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ(၂)IDP စခန်းတွင် သစ်တိုင်၊ ထရံကာ၊ သွပ်မိုးဖြင့် အလျား (၄၈) ပေ၊ အနံ(၃၀) ပေ အဆောက်အဦ အလုံး ၄၀ ဆောက်လုပ်ခြင်းနှင့်ရေတုံကင် ၂၄ လုံးတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ နေရာချထားမှုကို ကြည့်ရှုစစ်ဆေးကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်း စနစ်တကျနေထိုင်ကြရန်၊ မီးဘေးလုံခြုံရေး အထူးသတိပြုနေထိုင်ကြရန်နှင့် စခန်းတာဝန်ခံများကလည်း အထူးကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒါးပိုင်ကျေးရွာဈေးတွင် ဈေးရောင်းချနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သဲချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဥပုသ်သီလဆောက်တည်ရန် ရောက်ရှိလာသည့် ဒေသခံများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

တင်ထွန်း (ပြန်/ဆက်)