မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မိုးနဲ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ဆက်လက်၍ ကြွရောက်လာကြသော မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်ဦးငိုပွယ်၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးတို့က စစ်တုရင်အား အဖွင့် (၁) ခုစီ ရွှေ့ကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ကြပြီး ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲပြုလုပ်လိုက်ခြင်းကြောင်း ကျောင်းသား/သူများအနေဖြင့် ကောင်းသော ယှဉ်ပြိုင်လိုစိတ်များ ပေါ်ထွက်လာခြင်း၊ အတွေးအခေါ်ကောင်းများကို တွေးတောကြံဆနိုင်လာခြင်း၊ အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ ကျောင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌ပါ ယှဉ်ပြိုင်ရဲ သည့်စိတ်များ ဖြစ်ပေါ်လာခြင်း၊ ကာယ၊ဉာဏ စာရိတ္တနှင့်ပြည့်စုံစေခြင်း၊ ပြိုင်ပွဲဝင်အတွေ့ အကြုံများကို ကျောင်းတွင် ပြန်လည်မျှဝေနိုင်ခြင်းစသည့်အကျိုးကျေးဇူးများအား ရရှိမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်သင်ကျောင်းများမှ ကျောင်းသား/သူ ၂၀ဦး လာရောက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဆုရရှိသူများကို စက်တင်ဘာလ (၇)ရက်နေ့တွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို