တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအတွက် ဆန်ဖိုးငွေနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

တနင်္သာရီ ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုအရ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးသန်း၊ မြိတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးထက်မြက်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်နှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်မှစ၍ ချက်ခြင်းပင် နေအိမ်ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သော ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးမှူးများနှင့်အတူ ငွေနှင့်ထောက်ပံ့ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးကြကြောင်း သိရှိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်ပူးပေါင်းအဖွဲ့က ချောင်းကြီးရပ်ကွက်အတွင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နန်းမြင့်သူစားသောက်ဆိုင်၊ နေအိမ်တစ်လုံးနှင့် မိသားစုဝင် (၁၅) ဦး၊ တမုတ်ချုန်းကျေးရွာအုပ်စုအတွင်းမှ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံးနှင့်မိသားစု (၁၃) ဦး၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဗောဓိကမ်းကျေးရွာမှ ပြိုကျနေအိမ်တစ်လုံးနှင့် မိသားစု (၆) ဦး၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု-ထုံမခါကျေးရွာနှင့် ထုံတော်ကျေးရွာတို့မှ ပြိုကျပျက်စီးနေအိမ် (၂) လုံးနှင့် မိသားစုဝင် (၁၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (တစ်သိန်း) ကျပ်စီနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၇) ရက်စာအတွက် တစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းတို့နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါဝင်သည့် သေတ္တာပုံးတစ်လုံးစီကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်းက ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသည့် မြိတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတစ်ဆင့်ပေးပို့လာသော တာပေါ်လင် (တာလပါ) (၂) ချပ်စီ၊ အိမ်ဆောက်ပစ္စည်းများနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်လစာ) အတွက် တစ်ပုံးစီနှင့် အမျိုးသမီးများဂုဏ်သိက္ခာထိန်းပစ္စည်း (တစ်ပုံး) စီကို တိုင်း/ခရိုင်/မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူများက အိမ်တိုင် ရာရောက် သွားရောက်၍ထောက်ပံ့ပေးပြီး အသုံးပြုနည်းကိုလည်း ရှင်းပြပေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်/ဆက်)