လိပ်သို စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် တောင်ယာခင်းများတွင်လည်း သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
ဒေသခံများမှာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်အောင် စားဖိုဆောင်ဟင်းသီးဟင်းရွက်နှင့် သခွားသီးများကို စိုက်ပျိုးထားကြကြောင်း ဒေသထွက်သခွားသီးများမှာ အောင်မြင်ဖြစ်ထွန်းပြီး စားသုံးသူများပြားလာ၍ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် သခွားသီးအလုံးအကြီးအသေးပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ် (၂၀၀ဝိ/-) မှ (၃၀၀ဝိ/-) အထိ ဈေးရရှိလျက်ရှိကြောင်း သိရသည်။
တောင်ပေါ်သခွားပင်များကို မိုးဦးကာလတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်း၊ တောင်ပေါ်သခွားသီးများမှာ အလုံးအရွယ်အစားကြီးမားပြီး အသီးနုချိန်တွင် ချိုသောအရသာရှိသော်လည်း ရင့်မှည့်သွားချိန်တွင် အနည်းငယ်ချဉ်သော အရသာပြောင်းသွားကြောင်း၊ မှည့်နေသောအသီးမှ အစေ့များကို အခြောက်ခံ၍ နောင်နှစ်စိုက်ပျိုးရန် မျိုးအဖြစ် ပြန်လည်သိမ်းဆည်းထားရကြောင်း သိရသည်။
ခင်လေးနွယ်