ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးမှုများ ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းဆိုင်ရာ အသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်တဥ္ဇာစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် မဲပေးစက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို ကျေးရွာနေပြည်သူများအား အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့်အခြေအနေများ၊ ဆန္ဒမဲပေးရာတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုပုံများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )