ပခုက္ကူတက္ကသိုလ်၌ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ ခေါင်းစဉ်ဖြင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ပခုက္ကူ စက်တင်ဘာ ၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ Quality Education through Project-based Learning (ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့) ခေါင်းစဉ်ဖြင့် ပြပွဲ၊ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်နှင့် တာဝန်ရှိသူများနှင့်အတူ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ ပြပွဲ၊ ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာအကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ဘာသာရပ်ဌာနများ၏ ပရိုဂျက်ပြပွဲ၊ ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုကြရာ သက်ဆိုင်ရာပရိုဂျက်ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လုပ်ငန်းစဉ်အသေးစိတ်အကြောင်း ရှင်းပြကြသည်။

အဆိုပါပြပွဲ၊ပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာန(၁၆)ခုမှ တတိယနှစ်၊ စတုတ္တနှစ်၊ ဂုဏ်ထူးတန်းများနှင့် မဟာတန်းများမှ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်  သုတေသနပြုလုပ်ထားသော လက်မှုပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အပင်များ၊ ရုပ်ဝတ္ထုပစ္စည်း၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ရှေးဟောင်းပစ္စည်းများ၊ စာတမ်းများပါဝင်ပြီး ဘာသာရပ်ဌာနပါမောက္ခ(ဌာနမှူး)ခုနစ်ဦးတို့က အကဲဖြတ်အမှတ်ပေးကြကြောင်း၊ ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)