လွိုင်ကော် စက်တင်ဘာ ၄
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများသို့ စားသောက်ဖွယ်ရာများပေးအပ်၍ ဘီလူးချောင်းရေ ဝင်ရောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ဘီလူးချောင်းရေမြင့်တက်နေမှုကြောင့် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် မင်းစုရပ်ကွက်ရေဝင်ရောက်နေအိမ်များမှ ပြည်သူများနှင့် ဒီးမော့ဆိုမြို့နယ်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ကြိုတင်စီမံထားရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများ လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ မိမိတို့ဒေသတွင် ပြန်လည်အခြေချနေထိုင်နိုင်ရန် လိုအပ်သည့် လုံခြုံရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီးမော့ဆိုမြို့နယ် ယခုထက်တည်ငြိမ်အေးချမ်းလာပါက စိုက်ပျိုးရေး၊ မွေးမြူရေး၊ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက ဖြည့်ဆည်းပေးရန်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်၊ ကြက်ဥများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူ ၄၁ ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေများကို ပေးအပ်သည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများ အသီးသီးပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့လယ်ကန္ဒရဝတီတံတားနှင့် ဘီလူးချောင်းတံတား (ရှမ်းပိုင်း)၊ မင်းစုရပ်ကွက် မင်းကျောင်းကန်များနှင့် အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်ရောက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေပြန်လည်ကျဆင်းနိုင်ရေးဆောင်ရွက်ရန်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ ဘီလူးချောင်းရေမြင့်တက်၍ ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)