လွိုင်ကော် စက်တင်ဘာ ၃
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ဘီလူးချောင်းရေမြင့်တက်၍ လွိုင်ကော်မြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် ဘီလူးချောင်းကမ်းနားတစ်လျှောက်ရှိ သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုမှကာကွယ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ သတ္တဗလူကျေးရွာအနီး ဘီလူးချောင်းရေစီးကွေ့တစ်လျှောက် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မထောခူကျေးရွာအုပ်စု၊ သတ္တဗလူကျေးရွာအနီး ဘီလူးချောင်းရေစီးကွေ့တစ်လျှောက် ပေ ၁၉၀၀ အား စက်ယန္တရားများဖြင့် သဲနုန်းများနှင့်အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုဆောင်ရွက်ပြီးစီးပါက ချောင်းကမ်းနားတစ်လျှောက်ရှိ သီးနှံများရေနစ်မြုပ်မှု ကင်းလွတ်နိုင်မည့်အခြေအနေနှင့် ချောင်းရေမြင့်တက်မှုလျှော့ချပေးနိုင်မည့်အခြေအနေများအားရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထပ်မံရှင်းလင်းရန်လိုအပ်သည့်နေရာများတွင် အချိန်မီရှင်းလင်းနိုင်ရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် မထောခူကျေးရွာအုပ်စု၊ သတ္တဗလူကျေးရွာ ဘီလူးချောင်းကမ်းနားတစ်လျှောက်ရှိတောင်သူများ၏ ပြောင်း၊ မြေပဲနှင့် တောင်ယာစပါးစိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ကျေးရွာတာဝန်ခံနှင့်ကျေးရွာရပ်မိရပ်ဖများက စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဖြည့်ဆည်းပေးရန်များအား တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများ၏ရေဝင်ရောက်ခဲ့သည့် ပြောင်းစိုက်ခင်းအချို့တွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအချိန်မီရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်းများဆောင်ရွက်နိုင်ရန် သီးနှံအခြောက်ခံလုပ်ငန်းလုပ်ကိုင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်နှင့် သတ္တဗလူကျေးရွာနှင့် မထောခူကျေးရွာအုပ်စုအတွင်းရှိကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေးအတွက်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ခေတ်မီစိုက်ပျိုးနည်များအသုံးပြုနိုင်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာ ကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့နောက်ကျေးရွာအတွင်း မြေပဲနှင့်ပြောင်းသီးနှံများအချိန်မီရိတ်သိမ်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအားကြည့်ရှုခဲ့ပြီး ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရေနီကန်ကျေးရွာရှိ Treasure Corn စပါးနှင့် ပြောင်းအခြောက်ခံစက်ရုံသို့ရောက်ရှိပြီး စက်ရုံစတင်လည်ပတ်နေမှုကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်ရုံတည်ဆောက်ပြီးစီးမှု၊ တစ်ရက်လျှင် ပျမ်းမျှတန်(၃၀)ခန့် သီးနှံအခြောက်ခံဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့် အခြားဒေသများသို့ တင်ပို့နိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာမူလတန်းကျောင်း(သတ္တဗလူ)သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကျောင်းနှင့်စာသင်ဆောင်များ သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းစာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဖြည့်ဆည်းပေးရန်များကိုအသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်း သား၊ ကျောင်းသူများသင်ကြားသင်ယူမှုအဆင်ပြေစေရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဘက်စုံအသုံးပြုနိုင်ရန်အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)