မိုင်းစံ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် မိုင်းစံအခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်နန်းမိုးခမ်းက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့်ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံနှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ(အပိုင်းလိုက်)တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုင်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်း စသည့် မဲပေးပုံအဆင့်အဆင့်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့် မိုင်းစံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အိဇာချို(မိုင်းစံ၊ ပြန်/ဆက်)