နမ့်စန်(တ) စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်စန်ကျေးရွာအုပ်စုရှိ ဝမ်ပုံကျေးရွာတွင်လည်းကောင်း နေ့လယ်ပိုင်းတွင် လွိုင်ယဲကျေးရွာအုပ်စုရှိ တိုင်းကောင်ကျေးရွာတို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးမျိုးအောင်က ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် စမ်းသပ်မဲပေးခြင်းအား လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကို နမ့်စန်ကျေးရွာအုပ်စုနှင့် လွိုင်ယဲကျေးရွာအုပ်စုတို့မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၃၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)