နောင်ချို သြဂုတ် ၅
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်း က မြို့နယ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာဟော်တယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းတို့က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်တွင်း၊ ပြည်ပ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် နောင်ချိုကြီးကျေးရွာအား ခရီးစဉ်အသစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ခရီးသည်များ ခရီးစဉ် လုံခြုံစိတ်ချရေးသည် အဓိကဖြစ်ကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ဒေါ်မေသင်္ကြန်ဟိန်က "နောင်ချို မြို့နယ် အနေဖြင့် ဧည့်သည်အဝင်/အထွက် များလာသည်နှင့်အမျှ ဒေသခံပြည်သူများအနေဖြင့် အကျိုး အမြတ်ရရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက် စေရန်အတွက် ရည်ရွယ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ပတ်သက်၍ တစ်ဦး တစ်ယောက်ချင်းစီ တာဝန်ခွဲဝေချထားပြီး ဆောင်ရွက်မှသာ အောင်မြင်သော ခရီးသွားလုပ်ငန်း ဖြစ်လာ မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်ပြီး စည်းမျည်းစည်းကမ်းများ ချမှတ်ထားစေလိုကြောင်း " ပြောကြားခဲ့ကာ တက်ရောက်လာကြသော ခရီးသွားလုပ်ငန်းမြှင်တင်ရေး ကော်မတီ ဝင်များ၊ လုပ်ငန်း ရှင်များ က ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို၊ (ပြန်/ဆက်)