ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးလျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့

ကျွန်းလှ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးလျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် ၃၄၀၉၇ ဧက လျာထားပြီး ၃၄၀၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးရွာသွန်းမှုကောင်းခြင်းကြောင့် စိုက်ပျိုးရေဖူလုံပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ မိုးစပါးစိုက်ခင်းများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မြေဩဇာစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကျရောက်မှုကင်းစင်ရေး၊ ပေါင်းမြက်ရှင်းလင်းရေး စတဲ့ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးစပါးစိုက်ပျိုးမှုအဖြစ် ဒေသရာသီဥတုနှင့် ကိုက်ညီသော ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုး စပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)