စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ စက်တင်ဘာ ၃

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ယခုကျင်းပမည့်ရွေးကောက်ပွဲကြီးအား ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ရွေး ကောက်ပွဲတွင်အဓိကကျသည့် မဲစာရင်းများမှန်ကန်ရန်အတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးက ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့်လည်း ရွေးကောက်ပွဲကြီးကျင်းပနိုင်ရေးအတွက် လိုအပ်သည်များအား ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဥက္ကဋ္ဌတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ လွှတ်တော်ဖွဲ့စည်းဆည်းခြင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ MEVM စက်များ ဖြန့်ဖြူးပေးထားမှုအခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။    

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာ ဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အခမ်းအနားသည် ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စေတနာထား၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်များအပေါ် ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများအား လေးစားလိုက်နာစောင့်ထိန်းလျက် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးမှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ပြောဆိုဆက်ဆံကြပြီး လုပ်ငန်းအပေါ်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်စားသုံးဆီများအား အသီးသီးပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုယ်စားဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန် ၄ ပြည်နှင့် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၄၃၀ ဦးအတွက် ဆန် ၇၂ အိတ်၊ စားသုံးဆီ ၂၁၅ ပိဿာ စုစုပေါင်းငွေ ကျပ် - ၁၀,၃၆၀,၀၀၀ (တစ်ရာ့သုံးသိန်း ခြောက် သောင်းကျပ်)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)