ကျိုက်လတ်မြို့နယ်၌ ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲကျင်းပ

 

ကျိုက်လတ် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဉီးပြုံးချိုလမ်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်နှင့် မြို့မိမြို့ဖ ဦးမှိုကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာ​​ရေများ ပက်ဖျန်းပေးခဲ့ပြီး ကျန်းမာရေးဌာနခွဲအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဒေသန္တရကျန်းမာရေးဌာနဆေးခန်းအား အလှူငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဒေသန္တရကျန်းမာရေးဌာနဆေးခန်းသည် ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)