စစ်ကိုင်း စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ မဟာစေတီလှဘုရာကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှု၊ မဟိယင်္ဂဏစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲလာရောက်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်များ တည်းခိုနေထိုင်မည့်နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်သည် စစ်ကိုင်းမြို့နှစ် ၇၀၀ အားကစားကွင်း၌ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်မှ ကျောင်းပေါင်းစုံအားကစာပြိုင်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်မှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး အ.ထ.က(၁)အသင်းနှင့် အ.ထ.က(၂) အသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)