ဘားအံ စက်တင်ဘာ ၁
ကရင်ပြည်နယ် ဘားအံမြို့၌ သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ထိရောက်မြန်ဆန်စွာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်စေရန်၊ ရေပြင်အသက်ကယ်နည်းနှင့် အသက်ကယ်စက်လှေများ မောင်းနှင်တတ်စေရန်ရည်ရွယ်၍ အခြေခံရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်လွင်က အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌက သင်တန်းအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့မှ သင်တန်းသား ၃၀ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ သင်တန်းကာလနှစ်ပတ်ကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)