ကျွန်းစု စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာ ပေးခြင်းကို ဩဂုတ် ၃၁ ရက် က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ၊ မရမ်းချောင်းကျေးရွာနှင့် ကတန်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်က ရွေးကောက်ပွဲပျက်အောင် ပြုလုပ်ဆောင်ရွက်မှုများနှင့် မဲဆန္ဒရှင်များအပေါ် ထိခိုက်နာကျင်စေမှု၊ ခြိမ်းခြောက်မှုများ၏ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်မို့မို့အေးနှင့် တာဝန်ရှိသူများက MEVM စနစ်ဖြင့် မဲပေးခြင်းဆိုင်ရာ နည်းစနစ်များ၊ မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်တို့အား လက်တွေ့ သရုပ်ပြသည်။
ထို့နောက် ကျေးရွာရှိ မဲဆန္ဒရှင်များအား MEVM စနစ်ဖြင့် လက်တွေ့မဲပေးခြင်းလုပ်ငန်းများကို စမ်းသပ်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)