ပင်းတယ ဩဂုတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု၊ မြောက်ရွှေပုထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်တွင် ပါဝင်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသောအစိုးရအား နိုင်ငံတော်တာဝန်လွဲအပ်နိုင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါဒီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပါဒီစုံဒီမိုကရေစီရွေးကောက်ပွဲအား (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ ပင်းတယမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပင်းတယမြို့နယ်အတွင်းရှိ မဲရုံများတွင် (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း စသည်တို့ကို ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် အင်းငယ်ကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံကျေးရွာသူ/ ကျေးရွာသားများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)