မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

မောက်မယ် သြဂုတ် ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ အရှေ့ပူယာစန်းဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အဆင့်ဆင့်သုံးစွဲပုံများ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်တပ်ဆင်ပုံ၊ မဲပေးချိန်နှင့် မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုပုံနည်းစနစ်များ၊ မဲပေးမှုနည်းလမ်း ရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်း မဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း အချိန်တိုအတွင်း ကြေညာပေးနိုင်မည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြသဟောပြောပြီးနောက် တက်ရောက်လာကြသည့် ဟိုနမ့်ကျေးရွာ အုပ်စု၊ ပန်းတန်ကျေးရွာအုပ်စုတို့မှ ကျေးရွာနေဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ကိုယ်တိုင်လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)