မြဝတီ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း အသိပညာပေးလုပ်ငန်းကို ရပ်ကွက်အလိုက်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ် (၁) ရပ်ကွက် ဓမ္မာရုံနှင့် အမှတ် (၂) ရပ်ကွက် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ ယနေ့နံနက် ၁၀နာရီမှ ညနေ ၃နာရီခွဲအထိ အမှတ် (၅) ရပ်ကွက်၊ ဖားခြောက်ကောင်ဘုန်းကြီးကျောင်းနှင့် ကိုးနဝင်းဘုန်းကြီးကျောင်းများတွင်လည်းကောင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌဦးမြင့်ဦးနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့်အချက်များ၊ မဲစာရင်းတွင် ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများမှ မဲပေးပိုင်ခွင့်ရှိခြင်းနှင့် မဲပေးပိုင်ခွင့်ရှိသူများ၊ အသက် (၁၈) နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများနှင့်ပတ်သက်သည့်အချက်များ၊ မြန်မာအီလက်ထ ရောနစ်မဲပေးစက်အသုံးပြုပုံ အဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
မြဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဥ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ မြဝတီမြို့ပေါ်ရှိ ရပ်ကွက်များတွင် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)