လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

လင်းခေး သြဂုတ် ၃၁

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးကြပ်၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (သာမန်)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက သင်တန်းဆင်းအမှာစကား ပြောကြားပေးခဲ့ပါသည်။

ထိုသို့ ပြောကြားရာတွင် ဤသင်တန်းတက်ရောက်ပြီးသွားခဲ့ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိခဲ့သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများ  အသုံးချကာ မိမိတို့ပတ်ဝန်းကျင်ရှိ လူသားများအား ရှေးဦးပြုစုခြင်း နည်းပညာဖြင့်အတတ်နိုင်ဆုံး ကူညီအကျိုးပြုလာနိုင်စေမည်ဖြစ်ပါကြောင်း၊ မပြီးဆုံးသေးသောရှေးဦးပြုစုခြင်း (သာမန်) ပညာရပ်များအား ဆက်လက်ဆည်းပူးလေ့လာ သင်ယူသွားကြရန်တိုက်တွန်း မှာကြားလိုပါကြောင်း၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ ဖွံ့ဖြိုးတိုးတက်လာစေရေးလုပ်ငန်းများ၌ တတတ်တအား ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် ယခုကဲ့သို့ သင်တန်းဖြစ်မြောက်လာစေရေး အဘက်ဘက်မှ ဆောင်ရွက်ခဲ့ကြသူများ၊ သင်တန်း နည်းပြဆရာ/ ဆရာမများအားလုံးနှင့် မြို့နယ်အသင်းခွဲတာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းတို့ကို ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးပေါ်လာက သင်တန်းဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ၊ မိမိတို့မြို့နယ်အသင်းခွဲအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဥ်ရည်မှန်းချက်များနှင့် စပ်လျဥ်းသည်များ ရှင်းလင်းအမှာစကား ပြောကြားပေးခဲ့ပါသည်။

ဆက်လက်ပြီး ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းသား/ သင်တန်းသူနှစ်ဦးက သင်တန်းအတွေ့အကြုံနှင့်ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြပါသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌတို့က သင်တန်း၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများအား ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြကာ၊ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းအား (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းသားစုစုပေါင်း (၃၀) ဦးတို့ကို ရှေးဦးပြုစုခြင်း (သာမန်) ဘာသာရပ် (၁၇) မျိုး စာတွေ့၊ လက်တွေ့ပို့ချပေးပြီးနောက် သင်ခန်းစာများအား လက်တွေ့ဖြေဆိုစေခြင်းစာမေးပွဲ စသည်တို့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သင်တန်းကြီးကြပ်သူတို့ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)