ညောင်ရွှေ ဩဂုတ် ၃၁
တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ပြည်နယ်အဆင့်ကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ (၃၀) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်မင်းက တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ပြည်နယ်အဆင့်ကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်အစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးထုတ်ပေးနေမှုအခြေအနေ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက် (၂) နှစ်အောက် ကလေးသူငယ်များတွက် ထောက်ပံ့ကြေး ထုတ်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး လိုက်ပါလာကြသော ကော်မတီဝင်ဌာနဆိုင်ရာများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အခြေခံပညာဦးစီးဌာနနှင့်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ထောက်ပံ့ရန်ပုံငွေဖြင့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန်စွမ်းပုဂ္ဂိုလ်များအား ထောက်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ