ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ဘီလူးချောင်းရေဝင်ရောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် သြဂုတ် ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဘီလူးချောင်းရေ မြင့်တက်နေမှုကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ပန်ကန်း)နှင့် မိုင်းလုံးရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာပြည်သူများ ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးခန်းများ၊ စာသင်ဆောင်များ၊ သိပ္ပံလက်တွေ့စမ်းသပ်ခန်းများ ပြန်လည်ပြုပြင်ပေးရန် လိုအပ်သည့်အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်ပြည်သူများက လိုအပ်သည်များ ဆောင်ရွက်ပေးရန် တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး စာသင်ဆောင်များ ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ ကျောင်းသုံးပရိဘောဂများ ပြည့်စုံအောင်စီမံပေးရေးနှင့် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စနစ်တကျဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘီလူးချောင်းရေမြင့်တက်နေမှုကြောင့် လွိုင်ကော်မြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ချောင်းရေဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ဒေါနိုးကူးရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ သဲအိတ်များဖြင့် တာပေါင်မြှင့်တင်ခြင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ နမ့်ကွတ်ရပ်ကွက် တာပေါင်လမ်းတစ်လျှောက်တွင် ရပ်ကွက်နေပြည်သူများက သဲအိတ်များကာရံ၍ တာပေါင်များဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်းကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းပါဝင်ဆောင်ရွက်ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများကို ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ နမ့်ကွတ်ရပ်ကွက် ဘီလူးချောင်းကမ်းနားရှိ နေအိမ်အချို့တွင် ရေဝင်ရောက်နေမှုများ၊ ရေထိန်းတံခါးဖြင့် ချောင်းရေဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် ရေဝင်ရောက်သည့် နေရာများတွင် ရေများစုပ်ထုတ်ပေးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဘီလူးချောင်းရေမြင့်တက်နေမှုအား ရေကင်းအဖွဲ့များဖြင့် မျက်ခြည်မပြတ်စောင့်ကြည့်ရန်၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ပြည်သူများသို့ ကြိုတင်သတိပေး၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်စီမံထားရန်၊ ယာယီခိုလှုံရေးစခန်းများ ပြင်ဆင်ထားရှိပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ အသင့်စုဖွဲ့စီမံထားရန်နှင့် စားရေရိက္ခာများ ထောက်ပံ့နိုင်ရန်အတွက် စာရင်းများ စနစ်တကျကောက်ယူထားရှိရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ကွတ်ရေစီးကွေ့သို့ သွားရောက်ကာ ရပ်ကွက်အနိမ့်ပိုင်းနေရာများတွင် ချောင်းရေဝင်ရောက်မှုမရှိစေရေး ရေထိန်းနံရံများ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ဘီလူးချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ကျွန်းမွှားများ၊ သဲနုန်းများ ရှင်းလင်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)