ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ်တွင် မိုးသည်းထန်စွာစွာရွာသွန်းပြီး တောင်ကျရေနှင့် လူနေအိမ်များ ပြိုကျပျက်စီးသွားသည့်နေရာသို့ သွားရောက်ကြည့်ရှု

ပင်လောင်း ဩဂုတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ကျေးရွာ၌ ဩဂုတ် ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးသည် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမင်း၊ အမှတ်(၂)အထူးဆောက်လုပ်ရေးတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့်နေရာများသို့ သွားရောက်ခဲ့ကြကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ရွာတွင် တောင်ကျရေနှင့်အတူ ပြိုကျပျက်စီးသည့် နေအိမ်များကို အမှတ်(၂)အထူးဆောက်လုပ်ရေးတပ် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့နှင့် ကျေးရွာသူ/ကျေးရွာသားများက သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုပြီး ရေဘေးသင့်နေအိမ်မှ ပြည်သူများအား ထောက်ပံ့ငွေများ၊ အသုံးအဆောင်ပစ္စည်းများ၊ စာနပ်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး နေအိမ် ၇ အိမ် လုံးဝပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၃ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)