လေရှီးမြို့၌ KG ကျောင်းသားကလေးငယ်များအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

လေရှီး ဩဂုတ် ၂၉

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း လုပ်ငန်းများကို လေရှီးမြို့၊ အ.မ.က(မြို့မ)ကျောင်း၌ ယနေ့နံနက် (၁၁) နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် KG ကျောင်းသား/ ကျောင်းသူ လေးများအား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်းနှင့် အာဟာရကျွေးမွေးနေမှုများကို မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာနေအောင်စိုးနှင့်ဝန်ထမ်းများ၊ အ.မ.က(မြို့မ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၅၂)ကျောင်းရှိ KG ကျောင်းသား/ကျောင်းသူ (၄၂၀) ဦးအား အာဟာရကျွေးမွေးခြင်းများကို အခြားကျောင်းများတွင်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လေရှီး(ပြန်/ဆက်)